ရင်သွေးငယ်လေး အာဟာရချို့တဲ့နေပြီလား
ဘယ်အသက်အရွယ်မှာမဆို ခန္ဓာကိုယ်ဖွံ့ဖြိုးကြီးထွားဖို့နဲ့ ကိုယ်တွင်းဇီဝကမ္မလုပ်ဆောင်ချက်တွေ ကောင်းမွန်စေဖို့အတွက် အာဟာရဓာတ်တွေလိုအပ်လေ့ရှိပါတယ်။ ဒါကြောင့်နေ့စဉ် ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အာဟာရဓာတ်တွေပြည့်ဝအောင် အစားအစာတွေကို မှီဝဲစားသုံးကြရတာပါ။
အထူးသဖြင့် ကြီးထွားဖွံ့ဖြိုးဖို့ အရှိန်ယူနေတဲ့ ရင်သွေးလေးတွေအတွက် အစာအာဟာရမျှတပြည့်ဝဖို့က တော်တော်လေးအရေးပါပါတယ်။ အကြောင်းကတော့ ရင်သွေးငယ်လေးတွေဟာ အာဟာရချို့တဲ့မှုပြဿနာနဲ့ အများဆုံးရင်ဆိုင်ရတတ်တာကြောင့်ပါပဲ။ ကလေးတွေမှာ အာဟာရချို့တဲ့ခြင်းဟာ အာဟာရကို လုံလောက်ပြည့်မီအောင် မရရှိတာမျိုးဖြစ်နိုင်သလို အာဟာရကို မျှမျှတတ် မရရှိတာမျိုးကြောင့်လည်း ဖြစ်တတ်ပါတယ်။
ကလေးမှာ အာဟာရမပြည့်ဝရင် ဒီလိုလက္ခဏာတွေဖြစ်နိုင်ပါတယ်
ဖျားနာလွယ်မယ်
ရာသီဥတုကြောင့်ဖြစ်ဖြစ် အခြားအကြောင်းအရင်းတွေကြောင့်ဖြစ်ဖြစ် ကလေးက ခဏခဏဖျားနေယ်ဆိုရင် ကလေးက ကိုယ်ခံအားနည်းနေတာပါ။ ဒါကခန္ဓာကိုယ်မှာ လိုအပ်တဲ့အာဟာရဓာတ်တွေမပြည့်ဝဘူးဆိုတာကိုဖော်ပြနေတဲ့ပြယုဂ်တစ်ခုပေါ့။ ဒါကြောင့် ကလေးရဲ့ခန္ဓာကိုယ် ကျန်းမာသန်စွမ်းစေဖို့အတွက်နေ့စဉ်စားသုံးတဲ့အစားအစာတွေထဲမှာ အာဟာရပြည့်ဝမျှတအောင်ပြင်ဆင်ကျွေးမွေးပေးပါ။
စိတ်ဖိစီးမယ်၊ စိတ်ဓာတ်ကျမယ်
စိတ်ဖိစီးတာတွေ၊ စိတ်ဓာတ်ကျတာတွေက ဦးနှောက်ကနေ အရင်းခံလာတဲ့ စိတ်ဝေဒနာတွေပါ။ ခန္ဓာကိုယ်မှာ အမိုင်နိုအက်ဆစ်မလုံလောက်တဲ့အခါ စိတ်ဖိစီးတာ၊ စိတ်ဓာတ်ကျတာလိုမျိုး လက္ခဏာတွေဖြစ်နိုင်ပါတယ်။ ကလေးက အချိန်ပြည့်စိတ်ညစ်နေမယ်၊ မှိုင်နေမယ်၊ ရန်လိုမယ် စတဲ့အပြုအမူတွေလုပ်လာမယ်ဆိုရင်တော့ အာဟာရမပြည့်ဝမှုကိုခံစားနေရတယ်ဆိုတာသိဖို့လိုပါမယ်။ ဒါကြောင့်ကလေးစားသုံးမယ့်အစားအစာထဲမှာ ပရိုတင်းနဲ့ အမိုင်နိုအက်ဆစ်ကြွယ်ဝတဲ့ အစားအသောက်တွေကိုသေချာထည့်သွင်းပြင်ဆင်ပေးပါ။ Omega-3 fatty acids ကိုလည်မေ့မထားပါနဲ့။
အဝလွန်မယ်
ဝနေတိုင်း ကလေးကကျန်းမာတယ်၊ ဖွံ့ဖြိုးတယ်လို့မထင်ပါနဲ့။ ကလေးက ရှိသင့်တဲ့ကိုယ်အလေးချိန်ထက်ပိုများနေတာက အာဟာရမပြည့်ဝတာကြောင့် ခံစားရတဲ့ လက္ခဏာတစ်ခုဖြစ်တဲ့ အဝလွန်တာကြောင့်လည်းဖြစ်နိုင်ပါတယ်။ ကလေးကနေ့စဉ်ပြုပြင်ထားတဲ့ အသားတွေ၊ အချိုရည်တွေ၊ အချိုများတဲ့ အစားအစာတွေစားသုံးတာကြောင့် လိုအပ်တဲ့အာဟာရမရဘဲ မလိုအပ်တဲ့အဆီတွေတက်ပြီး အဝလွန်နေတာမျိုးဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကလေးဝနေတိုင်း အာဟာရမချို့တဲ့ဘူးလို့မထင်ပါနဲ့။ ဝလွန်တာကလည်း အာဟာရချို့တဲ့နေတယ်ဆိုတဲ့ လက္ခဏာတစ်ရပ်ပါ။
လှုပ်ရှားလွန်ပြီး အာရုံမစိုက်နိုင်တဲ့ရောဂါ
ကလေးဆိုတာ လှုပ်လှုပ်ရှားရှားနေမှ ကျန်းမာမှာဆိုပေမယ့် ကလေးက ဘာကိုမှသေသေချာချာအာရုံမစိုက်နိုင်ဘဲ တစ်ချိန်လုံး လှုပ်ရှားနေမယ်ဆိုရင်တော့ကိုယ်တွင်းမှာ အကျိုးပြုဘက်တီးရီးယားတွေနည်းနေတာကြောင့်ဖြစ်တဲ့ လှုပ်ရှားလွန်ပြီး အာရုံမစိုက်နိုင်တဲ့ရောဂါကို ခံစားနေရတာပါ။ ကိုယ်တွင်းမှာ အကျိုးပြုဘက်တီးရီးယားတွေနည်းနေတဲ့အခါ အာဟာရဓာတ်တွေစုပ်ယူနိုင်စွမ်းနည်းသွားပါတယ်။ ဒီအချိန်မှာ ခန္ဓာကိုယ်က လုံလောက်တဲ့ အာဟာရကိုမရရှိတော့ဘဲ အာဟာရချို့တဲ့လာတာကြောင့် ကလေးက လှုပ်ရှားလွန်ပြီး အာရုံမစိုက်နိုင်တဲ့ရောဂါကို ခံစားရတာဖြစ်ပါတယ်။
စကားပြောတာနောက်ကျတာ
ကလေးစကားပြောနောက်ကျတာက ဗီတာမင် B12 ချို့တဲ့တာကြောင့်ပါ။ ကလေးလေးတွေက ဗီတာမင် B12 ချို့တဲ့မယ်ဆိုရင် ပုံမှန်ထက်စကားပြောနောက်ကျတတ်ပါတယ်။ ဒါကြောင့်ကလေးကို ဝမ်းတွင်းသားတွေ၊ အမဲသား၊ ကြက်သား၊ငါး၊ဝက်၊ ကမာ၊ နို့ထွက်ပစ္စည်းတွေနဲ့ ဥအမျိုးမျိုးတို့လိုမျိုး ဗီတာမင် B12 ကြွယ်ဝတဲ့ အစားအစာတွေကျွေးမွေးပေးပါ။
အရေပြားနဲ့ ဆံသားတွေခြောက်သွေ့မယ်
အရေပြားနဲ့ ဆံသားတွေခြောက်သွေ့ရတာက ကလေးအနေနဲ့ ဗီတာမင် A၊ B၊ E နဲ့ K2 တို့လိုမျိုးပျော်ဝင်လွယ်တဲ့ဗီတာမင်တွေချို့တဲ့နေတာကြောင့်ပါ။ ဒါကြောင့် ကလေးရဲ့ ဆံသားတွေ အရေပြားတွေခြောက်သွေ့နေပြီဆိုရင် ကလေးကို လိုအပ်တဲ့ အာဟာရနဲ့ဗီတာမင်တွေပြည့်ဝအောင်ကျွေးမွေးပေးပါ။
ခဏခဏဝမ်းပျက်ဝမ်းလျှောဖြစ်မယ်
ကလေးက ခဏခဏဝမ်းပျက်ဝမ်းလျှောဖြစ်နေတာက အာဟာရချို့တဲ့တာကြောင့်ပါ။ ခန္ဓာကိုယ်က အာဟာရဓာတ်တွေကိုပြည့်ပြည့်ဝဝမစုပ်ယူနိုင်ဘူးဆိုတဲ့သဘောပါ။ ခန္ဓာကိုယ်က အာဟာရဓာတ်တွေကိုပြည့်ပြည့်ဝဝမစုပ်ယူနိုင်တဲ့အခါ အစာခြေစနစ်ကျန်းမာရေးချို့တဲ့ပြီး အကျိုးပြုဘက်တီးရီးယားအရေအတွက် လျော့နည်းလာတာကြောင့် မကြာခဏဆိုသလို ဝမ်းပျက်ဝမ်းလျှောဖြစ်ရတာပါ။
သတိထားရမည့် အချက်များ
ကြီးထွားဖွံ့ဖြိုးဖို့ အရှိန်ယူနေတဲ့ ကလေးတစ်ယောက်အတွက် ကျန်းမာရေးနဲ့ ညီညွတ်မျှတတဲ့ အာဟာရကို ပြည့်ပြည့်ဝဝ ရရှိဖို့ လိုအပ်ပါမယ်။ ကလေးက အာဟာရကို ပြည့်ဝမျှစွာ ရရှိမှ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ လူမှုဆက်ဆံရေးပိုင်းဆိုင်ရာ နဲ့ စိတ်ခံစားမှုပိုင်းဆိုင်ရာမှာ အကောင်းဆုံး ဖွံ့ဖြိုးမှာ ဖြစ်ပါတယ်။
အာဟာရ ပြည့်ဝမျှတမှု မရှိဘူးဆိုရင် ကိုယ်ခံအားကို ကျဆင်းပြီး ကလေးကို ရောဂါတွေ အလွယ်တကူ ခံစားရစေနိုင်ပါတယ်။ နောက်တစ်ချက်အနေနဲ့ အာဟာရ မပြည့်ဝတာက ကိုယ်အင်္ဂါအစိတ်အပိုင်းတွေနဲ့ ဦးနှောက်ကိုလည်း ထိခိုက်စေနိုင်ပါတယ်။ အသက် ၅ နှစ်အောက် ကလေးလေးတွေမှာ အာဟာရချို့တဲ့ခဲ့ရင် အသက်ဆုံးရှုံးနိုင်ခြေလည်း များတတ်တာကို သတိထားစေလိုပါတယ်။